Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃၁) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အောက်တိုဘာလ (၃၁) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၇

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
၇ အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။ ၈ ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။
၉ အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။

(ဆာလံ ၂ရး၇-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်ထံသို့ ဆုတောင်းပဌနာပြုခြင်း

က။ ကရုဏာကို အသနားခံတောင်းဆိုခြင်း၊
ခ။ (ပဌနာပြု၍) အော်ဟစ်သောအသံကို ထူးတော်မူရန် တောင်းဆိုခြင်း၊

၂။ ဘုရားသခင်သည် အမှန်ထူးတော်မူခဲ့သည်။

က။ “ငါ၏မျက်နှာကို ရှာကြလော့” ဟု မိန့်တော်မူသည်။
ခ။ အသင့်တော်ဆုံးသော တုံ့ပြန်ချက်
“အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်”

၃။ ဘုရားသခင်ထံတော်သို့ ထပ်၍ဆုတောင်းပဌနာပြုခြင်း

က။ “မျက်နှာလွှဲတော်မမူပါနှင့်” ဟု တောင်းလျှောက်ခြင်း၊
ခ။ “အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်” ဟု အသနားခံခြင်း၊

၄။ အလွန်နှိမ့်ချ၍ ဆုတောင်းပဌနာပြုခြင်း

က။ “အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်” ဟုတောင်းဆိုခြင်း၊
ခ။ တနည်းအားဖြင့်၊ အကျွန်ုပ်ကို တစ်ယောက်တည်း မထားခဲ့ရန် အသနားခံခြင်း၊

၅။ ယုံကြည်ကိုးစားလျှက် ဆုတောင်းပဌနာပြုခြင်း

က။ ဘုရားသခင်သည် ကယ်တင်တော်မူသော ဘုရားဖြစ်သည်။
ခ။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ချီယူတော်မူလိမ့်မည်။
ဂ။ မိမိတို့၏မိဘများက အကျွန်ုပ်တို့ကိုစွန့်ခဲ့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်တို့ကို စွန့်ပစ်မည်မဟုတ်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ထံသို့ ဆုတောင်းခြင်း

က။ ကောင်းစွာ သင်ယူအပ်သော အရာဖြစ်သည်။
ခ။ ဆုတောင်းခြင်းသည် လက်တွေ့အသက်တာအားဖြင့်သာ အကောင်းဆုံးသင်ယူနိုင်သည်။

၂။ ဆုတောင်းရာ၌ သတိပြုအပ်သော အရာများမှာ-

က။ စိတ်နှလုံးနှိမ့်ချခြင်း
စစ်မှန်သော နှိမ့်ချခြင်း ရှိရမည်။
ခ။ စိတ်အားထက်သန်ခြင်း
စိတ်အားထက်သန်စွာဖြင့်သာ အမှန်အကန် ဆုတောင်းကြရမည်။
ဂ။ ယုံကြည်ကိုးစားခြင်း
ဆုတောင်းသောအခါတိုင်း ယုံကြည်ကိုးစားခြင်း ရှိရမည်။
ဃ။ ဘုရားသခင်၏မျက်နှာတော်ကို ရှာခြင်း
ဘုရားသခင်ပေးသော ဆုတောင်းခြင်းအဖြေသာ ရှာရမည် မဟုတ်။ အထူးသဖြင့်၊ ဘုရားသခင်၏ မျက်နှာတော်ကို ရှာရမည်။
င။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်း
ဘုရားသခင်နှင့် ရင်းနှီးပေါင်းသင်းဆက်ဆံနိုင်မည်အကြောင်း အစွန်းကုန်ကြိုးစားရမည်။
စ။ ဘုရားသခင်၌ မျှော်လင့်ခြင်း
ဘုရားသခင်သည် အကျွန်ုပ်တို့၏ ဆုတောင်းချက်များကို အဖြေပေးလိမ့်မည်ဟု အခိုင်အမာ မျှော်လင့်ထားရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]