Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၃)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၃)

 

နှစ်မျိုးသောပညာ(၁)

ထိုသို့သော ပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်၊ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်
ဆိုးပညာဖြစ်၏။ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိတတ်၏။

(ယာကုပ် ၃း၁၅-၁၆)

 

ထိုသို့သော ပညာသည်

၁။ အထက်က ဖော်ပြသော ပညာ ကိုဆိုလိုသည်။ ၎င်းသည် –

က။ ဂုဏ်ပြိုင်ခြင်း၊
ခ။ ရန်တွေ့ခြင်း၊
ဂ။ သမ္မာတရားကို မုသာဖြင့် ဆန့်ကျင်ခြင်း၊
ဃ။ မကောင်းသောအမှုတို့၌ ဝါကြွားခြင်း စသည်တို့ဖြင့် ထင်ရှားသည်။ (ယာကုပ် ၃း၁၄)

၂။ ထိုသို့သော ပညာသည် အထက်မှသက်ရောက်သည် မဟုတ်။ ဆိုလိုသည်မှာ ယင်းပညာသည် –

က။ အထက်အလင်းတော်မှ ဖြစ်သည် မဟုတ်၊
ခ။ အဖခမည်းတော်ထံမှ ပေးသနားသည် မဟုတ် ဟုဆိုလိုသည်။ (ယာကုပ် ၁း၁၇)

၃။ တစ်နည်းအားဖြင့်ဆိုသော်၊ ထိုပညာသည် ဘုရားသခင်နှင့်စပ်ဆိုင်သောပညာမြတ် မဟုတ်၊ လောကီပညာ ဖြစ်သည်။

 

မြေကြီးပညာ…

၁။ ထိုပညာသည် –

က။ မြေကြီးပညာ၊
ခ။ ဇာတိပကတိပညာ၊
ဂ။ နတ်ဆိုးပညာ ဖြစ်သည်။

၂။ မြေကြီးပညာ (ဂရိ- epigeios)) သည် –

က။ လောကီပညာ၊
ခ။ မြေကြီးမှ ဖြစ်ပွားသောပညာ စသည်တို့ကို ဆိုလိုသည်။
၎င်းပညာသည် လောကီသဘောတရားနှင့်စပ်လျဉ်းသော ပညာ ဖြစ်သည်။

၃။ ဇာတိပကတိပညာ (ဂရိ-psuchikos) သည် –

က။ ကာမဂုဏ်နှင့်စပ်ဆိုင်သော ပညာ၊
ခ။ ကာယလိင်ပိုင်းဆိုင်ရာပညာ၊
ဂ။ လောကီပညာ စသည်တို့ဖြစ်သည်။
ယင်းသည် ဝိညာဉ်သဘောတရားမရှိသော ပညာဖြစ်သည်။

၄။ နတ်ဆိုးပညာသည် နတ်ဆိုးတို့မှ လွှမ်းမိုးသော ပညာဖြစ်သည်။
ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်သော ပညာဖြစ်သည်။

 

အကြောင်းမူကား…

၁။ မြေကြီးပညာ၊ ဇာတိပကတိပညာဖြစ်ရသည်မှာ –

က။ ဂုဏ်ပြိုင်ခြင်း၊
ခ။ ရန်တွေ့ခြင်း စသည်တို့ဖြင့် ထင်ရှားသောကြောင့် ဖြစ်သည်။

၂။ နတ်ဆိုးပညာ ဖြစ်ရသည်မှာ –

က။ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊
ခ။ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိသောကြောင့် ဖြစ်သည်။

၃။ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း (ဂရိ-akatastasia) သည် –

က။ အုပ်ချုပ်သူမဲ့၍ ရုန်းရင်းခတ်ဖြစ်ခြင်း၊
ခ။ ထကြွသောင်းကျန်းခြင်း၊
ဂ။ မရေမရာဖြစ်ခြင်း စသည်တို့ဖြစ်သည်။
ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစု တော်မမူ။ အကြောင်းမှာ ဘုရားသခင်သည် ရုန်းရင်းခတ်ခြင်း၊ ရှုတ်ထွေးခြင်းတို့၏ သခင်ဘုရားမဟုတ်။ (၁ကော ၁၄း၃၃)

၄။ ဆိုးညစ်စွာပြုမူခြင်းသည် –

က။ မကောင်းသောအမှုဟူသမျှကို ပြုစုခြင်း၊
ခ။ ထာဝရ တန်ဖိုးမရှိသောအရာခပ်သိမ်းကို ပြုစုခြင်း ဟုပြန်ဆိုနိုင်ပါသည်။

ဤအချက်သည် ဘုရားသခင်၏သဘောသဘာဝနှင့် တိုက်ရိုက်ဆန့်ကျင်နေပါသည်။ ထို့ကြောင့် ၎င်းပညာကို နတ်ဆိုးပညာ ဟုသမုတ်ရခြင်း ဖြစ်သည်။