Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၂)

 

 

ပညာ၏ နူးညံ့သိမ်မွေ့ခြင်း

သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာ
ရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏နူးညံ့
သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သောကျင့်ကြံပြုမူ
ခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။ သို့မဟုတ် သင်တို့
စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိ
လျှင်၊ သမ္မာတရားကို မုသာဖြင့် ဆန်၍ မဝါကြွားကြနှင့်။

(ယာကုပ် ၃း၁၃-၁၄)

 

သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်သော ပညာရှိ…

၁။ အတတ်အလိမ္မာနှင့်ပြည့်စုံသောသူ (ဂရိ-epistemon) သည် –

က။ ဝါရင့်သောသူ၊
ခ။ ကျွမ်းကျင်တတ်မြောက်သောသူ၊
ဂ။ သိရှိနားလည်သောသူ စသည်တို့ဖြစ်သည်။

၂။ ပညာရှိသောသူ (ဂရိ-sophos ) သည် –

က။ လိမ္မာပါးနပ်သောသူ၊
ခ။ တတ်မြောက်သောသူ၊
ဂ။ အသိဉာဏ်ကြွယ်ဝသောသူ စသည်တို့ဖြစ်သည်။

၃။ လူ့အဖွဲ့အစည်းတိုင်း၌ အသိတရားရှိသောသူ၊ ဉာဏ်ပညာရှိသောသူများရှိနိုင်သည်။
၄။ ယုံကြည်သူ ခရစ်ယာန်အသိုင်းအဝိုင်း၌လည်း ထိုကဲ့သို့ ပညာရှိများ၊ လိမ္မာပါးနပ်၍ နားလည်တတ်သောသူများ ရှိတတ်ကြသည်။ (၁ ကော ၁:၂
၅။ ယာကုပ်၏ ချစ်သောစာဖတ်ပရိသတ်တို့၌လည်း –

က။ အတတ်ပညာရှင်များ၊
ခ။ အသိပညာရှင်များ၊
ဂ။ အထူးသဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်းအမှု၌ ဝါရင့်သောသူများရှိကြမည် ဖြစ်သည်။

၆။ သူတို့သည် မိမိတို့၏ အတတ်ပညာနှင့် ဉာဏ်ပညာကို ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ မည်သို့ အသုံးပြုမည်နည်း။

 

ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ…

၁။ နူးညံ့သိမ်မွေ့ခြင်း (ဂရိ- praute) သည် –

က။ နူးညံ့ခြင်း၊
ခ။ ယဉ်ကျေးသိမ်မွေ့ခြင်း၊
ဂ။ နှိမ့်ချခြင်း စသည်တို့ဖြစ်သည်။

၂။ ပညာသည် နူးညံ့သိမ်မွေ့ခြင်းအားဖြင့် ထင်ရှားရမည်။
၃။ ပညာရှိသောသူသည် –

က။ ကောင်းသောအမှုအရာနှင့်၊
ခ။ မိမိ၏ကောင်းမြတ်သောအကျင့်တို့ကို ယဉ်ကျေးသိမ်မွေ့စွာ ပြသရမည် ဖြစ်သည်။

၄။ အချုပ်အားဖြင့်ဆိုရလျှင်၊ အမှန်ပညာရှိသောသူသည် –

က။ သူတစ်ပါးနှင့်ဆက်ဆံရာ၌လည်းကောင်း၊
ခ။ စကားပြောဆိုရာ၌လည်းကောင်း၊
ဂ။ ကောင်းသောအရာများကို ဆောင်ရွက်ရာ၌လည်းကောင်း၊
ဃ။ ကောင်းသောအကျင့်သီလ ဆောက်တည်ရာ၌လည်းကောင်း နူးညံ့သိမ်မွေ့နေရမည် ဖြစ်သည်။

 

သို့မဟုတ် သင်တို့စိတ်ထဲမှာ…

၁။ ပညာရှိသည်ပင်လျှင် မိမိတို့၏ အတွင်းစိတ်ရင်းကို သတိဝီရိယနှင့် စောင့်ထိန်းရမည်။
၂။ အကျွန်ုပ်တို့၏ အတွင်းစိတ်၌ –

က။ အချင်းချင်း မနာလိုဂုဏ်ပြိုင်ခြင်း၊
ခ။ ခါးသီးစွာ မုန်းတီးခြင်း၊
ဂ။ ရန်တွေ့ခြင်း စသည်တို့ ရှိနေနိုင်သည်။

၃။ အကျွန်ုပ်တို့၏ အတွင်းစိတ်သည် ထိုသို့ ယိုယွင်းပျက်စီးနေပါက –

က။ မဟုတ်မမှန် ဝါကြွားနိုင်သည်။
ခ။ သမ္မာတရားကို မုသာဖြင့် ဆန့်ကျင်၍ ဝါကြွားနိုင်သည်။
ဂ။ ထိုမကောင်းသောအတွင်းစိတ်ထားကိုပင် ဝါကြွားစရာအကြေင်း ဖြစ်လာနိုင်သည်။

၄။ လာမက်ပြောသော မကောင်းသောအမှု၌ ဝါကြွားသည့် စကားကို ဥပမာပေးလိုသည်။

လာမက်ကလည်း၊ အာဒနှင့်ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိ
ခိုက်သောလူတယောက်တည်းဟူသော၊ ငါ့ကိုညှင်းဆဲသောလူ
ပျိုတယောက်ကို ငါသတ်ခဲ့ပြီ။ကာက္ကုနသည် ခုနစ်ဆသော
တရားကို ရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနစ်ဆယ်
ခုနစ်ဆသော တရားကို ရလိမ့်မည်ဟူ၊ မိမိမယား တို့ကို ပြောဆို၏။

(ကမ္ဘာ ၄:၂၃-၂၄)

ထိုသို့ လာမက်ကဲ့သို့သောသူ မဖြစ်စေရန် မိမိတို့၏ ကောင်းသော အပြုအမူနှင့် ကောင်းမွန်သော အကျင့်များကို နှိမ့်ချသောစိတ်နှင့်တကွ
နူးညံ့သိမ်မွေ့စွာ ပြသကြရမည်။

ဤသည်ကား ယုံကြည်ခြင်းရတနာ ရသောသူတို့၏ လမ်းစဉ် ဖြစ်သည်။