Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၂)

 

အကျင့်အားဖြင့် ယုံကြည်ခြင်းကို ရုပ်လုံးဖော်ခြင်း

ထိုနည်းတူ၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။ တနည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏။

(ယာကုပ် ၂:၁၇-၁၈)

 

ထိုနည်းတူ…

၁။ “ထိုနည်းတူ” သည် အထက်က အကြောင်းအရာကို ညွှန်းသည်။
၂။ ယာကုပ် ၂:၁၆ ၌ –

က။ နှုတ်ဖြင့်သာ ယုံကြည်ကြောင်း ထွက်ဆိုခြင်းသည် မည်သည့်အကျိုးမျှ မရှိ။
ခ။ လက်တွေ့မပါသော ယုံကြည်ခြင်းသည် အကျိုးမရှိ။

၃။ ထိုကဲ့သို့ လုပ်ဆောင်ချက်မပါသော ယုံကြည်ခြင်းသည် အသေဖြစ်သည်။

က။ တစ်ခုတည်းသာ ရှိသည်။
ခ။ မည်သည့်အရာမျှ မဆောင်ရွက်ဘဲ ရှိနေသည်။
ဂ။ ထို့ကြောင့် သေနေသောယုံကြည်ခြင်းဟု ဆိုလိုခြင်းဖြစ်သည်။

 

တနည်းကား…

၁။ ယုံကြည်ခြင်းရှိသောသူ –

က။ ထိုသူသည် ယုံကြည်ခြင်းရှိသည်ဟု နှုတ်ဖြင့် ထွက်ဆိုသည်။
ခ။ ထိုသူ၌ ယုံကြည်ခြင်းနှင့်ဆိုင်သော အကျင့် (လက်တွေ့) တခုမျှ မရှိ။
ဂ။ ထိုသူသည် မိမိ၏ယုံကြည်ခြင်းကို အကောင်အထည်အားဖြင့်မပြနိုင်။

၂။ အကျင့်ကျင့်သောသူ –

က။ ထိုသူသည် (ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော) အကျင့်ကို လက်တွေ့ကျင့်သည်။
ခ။ ထိုသူ၏အကျင့်တို့သည် ယုံကြည်ခြင်း၏အသီးအပွင့်များဖြစ်ကြသည်။
ဂ။ ထိုသူသည် မိမိ၏ယုံကြည်ခြင်းကို အလုပ်(အကျင့်)အားဖြင့် ရုပ်လုံးဖော်ပြနေသည်။

၃။ အကျင့် (လက်တွေ့) မပါသော ယုံကြည်ခြင်းသည် –

က။ အသီးမသီးသော ယုံကြည်ခြင်းဖြစ်သည်။
ခ။ သက်သေပြ၍ မရသော ယုံကြည်ခြင်းဖြစ်သည်။
ဂ။ မိမိဘာသာ တစ်ခုတည်း ရပ်တည်နေသော ယုံကြည်ခြင်းဖြစ်သည်။
ဃ။ နှုတ်အားဖြင့်သာ ထွက်ဆိုသော ယုံကြည်ခြင်းဖြစ်သည်။
င။ လေထဲလွင့်၍ ခြေရာပျောက်နေသော ယုံကြည်ခြင်းဖြစ်သည်။
စ။ အသက်မပါသော၊ သေနေသော ယုံကြည်ခြင်းဖြစ်သည်။
ဆ။ လူတစ်ဦး၏ စိတ်ကူးခံစားချက်မျှသာ ဖြစ်သည်။

 

စိန်ခေါ်ချက်

၁။ မိမိတို့တစ်ဦးချင်း၏ ယုံကြည်ခြင်းကို စစ်ဆေးကြပါစို့။
၂။ စစ်မှန်သော၊ အသက်ပါသော ယုံကြည်ခြင်းသည် –

က။ စိတ်ကူးစိတ်သန်းလေးများ မဟုတ်။
ခ။ ခံစားမှုမျှသာ မဟုတ်။
ဂ။ နားလည်သဘောပေါက်ခြင်းသက်သက်လည်း မဟုတ်။
ဃ။ သဘောတူ လက်ခံခြင်းတည်းသာ မဟုတ်။

၃။ မှန်သော ယုံကြည်ခြင်းသည် လက်တွေ့ဆောင်ရွက်ခြင်းဖြင့်သာ အသက်ဝင်သည်။
၄။ မိမိတို့၏ ယုံကြည်ခြင်းကို အကျင့်အားဖြင့် ရုပ်လုံးဖော်ကြပါစို့။

ဤသည်ကား ယုံကြည်ခြင်းရတနာ ရယူပိုင်ဆိုင်ရာလမ်းဖြစ်သည်။