Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၉)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၉)

 

ရွှေပညတ်တော်ကို စောင့်ရှောက်ခြင်း (၂)

အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။ သူ့မယားကို မပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူ့အသက်ကိုမသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကို မပြစ်မှားဘဲနေ သော်လည်း၊ လူ့အသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။

(ယာကုပ် ၂း၁၀-၁၁)

 

အဘယ်သို့နည်းဟူမူကား

၁။ ဤစကားဆက်သည် အထက်က (၂း၉) တွင်ဖော်ပြထားသော တရားလွန်ကျူးခြင်းကို ထပ်၍ ရှင်းလင်းသောအကြောင်းပြဖြစ်သည်။

၂။ ရွှေပညတ်တော်ကို မစောင့်ရှောက်ဘဲ၊ လူမျက်နှာထောက်ခြင်းသည်

က။ ဒုစရိုက်အပြစ် ဖြစ်သည်။
ခ။ တရားကို လွန်ကျူးခြင်း ဖြစ်သည်။ (ယာကုပ်၂း၈-၉)

၃။ ထိုသို့ ဖြစ်ရခြင်းအကြောင်းရင်းမှာ-

က။ တစုံတခုသောပညတ်ချက်ကို ချိုးဖောက်ခြင်းသည် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ် ဖြစ်သည်။
ခ။ ပညတ်ချက်များကို တစ်ခုမကျန် အကုန်အစင် လိုက်နာနိုင်မှ ပညတ်တရားကို စောင့်ရှောက်ရာ ရောက်သည်။ အကယ်စင်စစ် မည်သူမှ ထိုသို့ မတတ်နိုင်။

အကြောင်းရင်းအမှန်

၁။ ပညတ်တော်ကို ပေးသနားတော်မူသောသူသည် ဘုရားသခင်တစ်ပါးတည်း ဖြစ်သည်။
၂။ သူ့မယားကို မပြစ်မှားရ နှင့် လူအသက်ကိုမသတ်ရ ဟူသောပညတ်ချက်တို့သည် ထာဝရဘုရားသခင်တစ်ပါးတည်းမှ ပေးသနားတော်မူသည်။
၃။ သူ့မယားကို မပြစ်မှားသော်လည်း၊ လူအသက်ကိုသတ်သောသူသည်

က။ ဘုရားသခင်၏ ပညတ်ချက်တစ်ခုလုံးကို ချိုးဖောက်သောသူ၊
ခ။ ပညတ်တရားအလုံးစုံကို မစောင့်ရှောက်သောသူ၊
ဂ။ ပညတ်တော်ရှင် ဘုရားသခင်ကိုပင် မနာခံသောသူ၊
ဃ။ ပညတ်တရားကို ကျူးလွန်သောသူ ဖြစ်သည်။