Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၃)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၃)

 

တရားကို ကျင့်ခြင်း

တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့် တူ၏။ အကြောင်းမူကား ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းဏ္ဌာန်ကို ချက်ခြင်းမေ့လျော့တတ်၏။ လွှတ်ခြင်းနှင့် စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။
(ယာကုပ် ၁း၂၃-၂၅)

 

တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား…

၁။ တရားကို လက်တွေ့မကျင့်သောသူကို ဆိုလိုသည်။
၂။ ဤသူသည် မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော်လည်း မှန်မှ ခွာလိုက် သောအခါ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်းမေ့လျော့သောသူနှင့် တူ၏။

က။ မှန်သည် တရားကို ဆိုလိုသည်။
ခ။ မှန်၌ မိမိကိုယ်ကို သေချာကြည့်ပြီး မိမိမျက်နှာ၌ ရှိသော အညစ်အကြေးများကို မသန့်ရှင်း၊ မဖယ်ထုတ်ဘဲ နေသောသူ (မိမိမျက်နာသွင်ပြင်ကို မမှတ်မိတော့သောသူ) သည် တရားကို နာရုံမျှသာ ပြုသောသူဖြစ်သည်။
လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား…

၁။ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရားသည် နှုတ်ကပတ်တော်ကိုဆိုလိုသည်။
၂။ ထိုတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူသည်

က။ နှုတ်ကပတ်တော်ကို သေချာနားလည်ပြီး ခံယူသောသူ၊
ခ။ သမ္မာကျမ်းစာ၏ သွန်သင်ချက်နှင့်အညီ အသက်တာပြောင်းလဲသောသူ၊
ဂ။ နှုတ်ကပတ်တော်နှင့်အညီ ကျင့်ကြံအားထုတ်သောသူ ဖြစ်သည်။

၂။ ထိုသူသည်

က။ တရားကို နာရုံမျှသာ နာသောသူ မဟုတ်၊
ခ။ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊
ဂ။ တရားအတိုင်း ကျင့်သောသူ ဖြစ်သည်။

 

မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏

၁။ဤသူသည် –

က။ တရားကို ကျင့်သောသူ၊
ခ။ တရားအတိုင်း နေထိုင်အသက်ရှင်သောသူ၊
ဂ။ တရားတော်ကို လက်တွေ့ဖော်ဆောင်သောသူ ဖြစ်သည်။

၂။ ဤသူသည် ကိုယ်တိုင်ကျင့်သောအမှု၌ မင်္ဂလာရှိသောသူ ဖြစ်သည်။

က။ သူကျင့်သောအကျင့်သည် (သူတစ်ပါးအတွက်) ကောင်းချီးမင်္ဂလာဖြစ်သည်။
ခ။ သူကိုယ်တိုင်သည် မင်္ဂလာရှိသောသူ ဖြစ်သည်။ (ဆာလံ ၁)

တရား နှင့် စိန်ခေါ်ချက်

၁။ တရားသည် –

က။ နှုတ်ကပတ်တော်ကို ရည်ညွှန်းသည်။
ခ။ လွှတ်ခြင်းနှင်စပ်ဆိုင်သည်။ (ဂလာတိ ၅း၁)
ဂ။ စုံလင်သောတရား ဖြစ်သည်။

– ရင့်ကျက်ပြည့်စုံသော တရား၊
– အစိတ်အပိုင်းတိုင်း၌ စုံလင်သောတရား ဖြစ်သည်။
ဤသည်ကား တရား၏ အနှစ်သာရ ဖြစ်သည်။

၂။ တရားကို စေ့စေ့ကြည့်ရှု၍ တည်ကြည်ရမည်။

က။ စေ့စေ့ကြည့်ရှု (ဂရိ- parakupto) သည် –

– ခေါင်းငုံ့ကြည့်သည်၊
– ကိုယ်ကိုကိုင်း၍ ကြည့်သည်၊
– အနီးကပ် ကြည့်သည် စသည်တို့ဖြစ်သည်။

ခ။ တည်ကြည် (ဂရိ-parameno) သည် –

– ဆက်လက်၍ မြဲသည်၊
– အနီးအနား၌ (နှင့်အညီ) ရပ်တည်သည်၊
– မဆုတ်မနစ် လုံ့လထုတ်သည်၊
– အပတ်တကုတ်ကြိုးစားသည် စသည်တို့ဖြစ်သည်။

ကျွန်ုပ်တို့သည် တရားကို အနီးကပ်သေချာစွာလေ့လာပြီး၊ ထိုတရားနှင့်အညီ မဆုတ်မနစ် အားထုတ်၍ ရပ်တည်သွားကြရမည်။
(ယောဟန် ၁၂း၄၇-၅၀)