Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၉)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၉)

 

အပြစ်သွေးဆောင်ခြင်း (၂)

တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဘွား
တတ်၏။ ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကို
ဘွားတတ်၏။ ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။

(ယာကုပ် ၁း၁၅-၁၆)

 

တပ်မက်သောစိတ်သည်…

၁။ တားမြစ်သောအရာများရယူရန် မသင့်သောအရာများအား လိုချင်တပ်မက်သောစိတ်ကို ဆိုလိုသည်။
၂။ ထို တပ်မက်သောစိတ်သည် –

က။ ပဠိသန္ဓေယူတတ်သည်။
ခ။ ထို့နောက် ဒုစရိုက်ကို ဘွားစေတတ်သည်။

၃။ ဘွား (ဂရိ-tikto ) သည် –

က။ ထုတ်လုပ် (ဂရိ-teko =ထုတ်ပေးခြင်း) ထက်ပို၍ လေးနက်သည်။
ခ။ (အသီးအနှံ) ထွက်စေခြင်း၊
ဂ။ တိုးတက်ပွားများစေခြင်း စသည်တို့ဖြစ်သည်။

၄။ တမ်မက်သောစိတ်သည် နောက်ဆုံး၌ ဒုစရိုက်ကိုသာ ဖြစ်ထွန်းစေမည်ဖြစ်သည်။

ဒုစရိုက်သည်လည်းပြည့်စုံလျှင်…

၁။ ဒုစရိုက်ဆိုသည်မှာ ကိုယ်ထိလက်ရောက်ပြုမိသော အပြစ်ဖြစ်သည်။
၂။ ထို ဒုစရိုက်အပြစ်သည် –

က။ ကြီးထွားတတ်သော သဘောရှိသည်။
ခ။ တစ်နေ့တစ်ချိန်၌ ကြီးမား၍ ဆိုးရွားသော ဒုစရိုက်အပြစ် ဖြစ်လာမည် ဖြစ်သည်။

၃။ ပြည့်စုံ (ဂရိ- apoteleo) သည်

က။ apo နှင့် teleo ပေါင်းစပ်ထားသော စကားလုံးဖြစ်သည်။
ခ။ ပြည့်ဝစုံလင်စွာ ကြီးထွားခြင်း၊
ဂ။ ပြည့်စုံရင့်ကျက်ခြင်း စသည်တို့ဖြစ်သည်။

၄။ မိမိကိုယ်တိုင် ပြုမိသော ဒုစရိုက်အပြစ်ငယ်သည် ကြီးရင့်သောအခါ

က။ အနိုင်မခံ အရှုံးမပေးတတ်သော အပြစ်ကြီး ဖြစ်လာနိုင်သည်။
ခ။ သေခြင်းကိုပင် ဖြစ်ဖွားစေသော အပြစ်ကြီး ဖြစ်လာနိုင်သည်။

၅။ သေခြင်းကို ဘွားခြင်း (ဂရိ – apokueo) သည် –

က။ ဖွားမြင်စေခြင်း၊
ခ။ နောက်မျိုးဆက်ဖြစ်ဖွားစေခြင်း စသည်တို့ဖြစ်သည်။ ကြီးရင့်လာ သော ဒုစရိုက်အပြစ်သည် သေခြင်းကို ဧကန်မုချ မွေးဖွားပေးသည်။

 

ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်

၁။ ယာကုပ် ချစ်သော သူ၏ ညီအစ်ကိုများမှာ-

က။ ယုံကြည်သူများ၊
ခ။ ခရစ်တော်ကို ယုံကြည်သော ယုဒလူမျိုးများ ဖြစ်ကြသည်။

၂။ “အလွဲမယူကြရန်” ယာကုပ် သတိပေးသည်။

က။ တပ်မက်သောစိတ်သည် ဒုစရိုက်ကို ဖြစ်ဖွားစေတတ်သည်ကိုလည်းကောင်း၊
ခ။ ဒုစရိုက်သည် ရင့်ကျက်၍ ကြီးထွားလာနိုင်သည်ကိုလည်းကောင်း၊
ဂ။ ထို ရင့်ကျက်ပြည့်စုံသော ဒုစရိုက်အပြစ်ကြီးသည် သေခြင်းကိုဖွားမြင်ပေးသည်ကိုလည်းကောင်း အလေးထား မှတ်ယူရမည်ဖြစ်သည်။

၃။ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ယာကုသည် သူ့စာဖတ်ပရိသတ်များကို

က။ လှည့်ဖြားခြင်း မခံကြရန်၊
ခ။ လမ်းမလွဲကြရန်၊
ဂ။ ယောင်ဝါးဝါး မဖြစ်ကြရန် သတိပေးသည်။