Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၉)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၉)

 

လက်အောက်ခံ အလုပ်သမားများ (၁)

အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူ ကဲ့သို့၊ မျက်မှောက်၌ သာနားထောင်သည် မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီ သခင်၏စကားကို အရာရာ၌ နားထောင်ကြလော့။ လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။ (ကော ၃း၂၂-၂၃)
အလုပ်ရှင်များနှင့် အလုပ်သမားများ၏ ဆက်ဆံရေးကို ကောင်းစွာ နားလည်ရန် အရေးကြီးသည်။ အလုပ်သမားများနှင့် စပ်လျဉ်းသော မှန်ကန်ကောင်းမွန်၍ ဓမ္မသဘောကျသော သွန်သင်ချက်များကို ပေါလုသည် (ကော ၃း၂၂-၂၅) ၌ ဖော်ပြ ထားပါသည်။

 

၁။ အစေခံကျွန်တို့၊ –
က။ ရှင်ပေါလုခေတ်၌ ကျွန်စနစ်သည် တရားဝင် ဖြစ်ခဲ့သည်။
ခ။ ယခုခေတ်၌ကား၊ လက်အောက်ခံအလုပ်သမားများ ဟု နားလည် ရပေမည်။
ဂ။ ရှင်ပေါလုသည် ကောလောသဲအသင်းဝင်များ၌ အစေခံကျွန်များရှိနေသည်ကို သတိထားမိသည်။
(၁) ထို့ကြောင့် သူတို့အတွက်လည်း ဦးတည်ပြီး စာရေးလိုက် ရခြင်း ဖြစ်သည်။
(၂) ကောလောသဲအသင်းတော်ရှိ ကျွန်တို့သည်လည်း ပေါလု၏ သွန်သင်ချက်ကို အသေအချာ လိုက်လျှောက်ရမည်ဖြစ်သည်။

 

၂။ “သခင်ဘုရားကို ကြောက်ရွံ့လျက်”
က။ သခင်ဘုရားကို အမှန်ကြောက်ရွံ့သော အလုပ်သမား သည် –
(၁) အလုပ်ရှင်များရှေ့မှာသာ ဟန်ဆောင် လုပ်ပြခြင်းမရှိ၊
(၂) အလုပ်ရှင်များ၏ မျက်မှောက်၌သာ စကား နားထောင်ခြင်းအမှုကို မပြု၊
(၃) အလုပ်ရှင်များက သနားလာအောင် ဟန်ပြခြင်းမျိုးမပြု၊
(၄) အလုပ်ရှင်များ၏ မျက်စိကိုလှည့်ဖြား၍၊ ခေတ္တ စိတ် ကျေနပ်အောင်လုပ်ပြခြင်း မရှိ။
ခ။ ခရစ်ယာန် အလုပ်သမားသည် –
(၁) စိတ်နှစ်ခွလည်း မရှိ (အပြောတစ်မျိုး၊ အလုပ်တခြား) ဘဲ၊ အလုပ်ရှင်၏ စကားကို နာခံရမည်။
(၂) မိမိအလုပ်ရှင်၏ စကားကို အရာရာ၌ နားထောင်ကြရမည်။
ဂ။ ဤအလုပ်ရှင်သည် ခရစ်ယာန် (ဝါ) ဘုရားသခင်၏ အလိုတော်ကို မဆန့်ကျင်သောသူဖြစ်သည်ဟု ခံယူရမည်။ ထိုသို့သော အလုပ်ရှင်တို့၏ မူဝါဒနှင့်ကျင့်ထုံးများသည် ဘုရားသခင်၏ အလိုတော်ကို မဆန့်ကျင်သောကြောင့် နား ထောင်ရာ၌ မည်သည့်အကျိုးနည်းခြင်းမျိုးမျှ မရှိနိုင်ရာ (ဧဖက် ၆း၉)။

 

၃။ “သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့”

က။ အလုပ်သမားများသည် အလုပ်ရှင်များ၏ အစေအခိုင်းများကိုသာ လုပ်ဆောင် ရသည်။
ခ။ သို့သော်၊ အလုပ်ရှင်များ၏ အစေကို အဘယ်ကဲ့သို့ ခံကြရမည်နည်း။
(၁) လူ၏အမှုကို ဆောင်ရွက်သည် မှန်သော်လည်း၊
(၂) လူ၏အမှုမျှသာ ဆောင်ရွက်သကဲ့သို့ မဆောင်ရွက်သင့်ချေ။
ဂ။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ (အလုပ်ရှင်များ၏ အလုပ်ကို)ဆောင်ရွက်ရမည်။

 

၄။ သခင်ဘုရား၏ အမှုတော်ကို အဘယ်သို့ ဆောင်ရွက်ကြရသနည်း။
က။ စေတနာစိတ်
စိတ်ပါလက်ပါအလုပ်လုပ်ရမည်။ စေတနာစိတ်ကိုအရင်း တည်၍အလုပ်လုပ်ရမည်။ (စေတနာစိတ်နှင့် လုပ်ဆောင် တတ်သောသူသည် အတတ်မြန်၍ အောင်မြင်သောသူ ဖြစ်လာနိုင်သည်)။
ခ။ ရိုးသားသော စိတ်ထား “စေတနာစိတ်” ကို ဖြူစင်ရိုးသားသော စိတ်ထားနှင့်အတူယှဉ်တွဲ၍ နားလည်ရမည်။ လုပ်သမျှသော အမှုတို့၌ ရိုးသားသော၊ဖြူစင်သောစိတ်ထားနှင့် လုပ်ဆောင်ရမည်။

 

To Contact : [email protected]