Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၁)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၁)

ပြောဆိုဆက်ဆံခြင်း
ထိုသူတို့နှင့်သင်တို့သည်လည်း အထက်က ပေါင်းဘော် သောအခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။ ယခုမူကား၊ ထိုအမှု အလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူး သော စကားကို သုံးခြင်း တို့ကို၎င်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြ လော့ (ကော ၃း၇-၈)။

 

ထိုသူတို့နှင့် သင်တို့သည် …
၁။ “ထိုသူတို့” သည် အထက်က ဘုရားသခင်ကို ငြင်းဆန်သောသူများကို ရည်ညွှန်းသည်။
၂။ “သင်တို့”သည် ကောလောသဲယုံကြည်သူများကို ရည်ညွှန်းသည်။
၃။ တစ်ချိန်တစ်ခါက “ထိုသူတို့နှင့်သင်တို့သည်” ပေါင်းဖော် ခဲ့ကြသည် (ဆာလံ ၁း၁-၂)။
၄။ ထို့ကြောင့် လောကီဆန်သော ကျင့်ကြံအားထုတ်မှု အမျိုးမျိုးတို့၌ ကျင်လည်ခဲ့ကြသည်။
က။ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ခ။ ညစ်ညူးစွာ ကျင့်ခြင်း၊
ဂ။ ကိလေသာ ပူပန်ခြင်း၊
ဃ။ ဆိုးညစ်သော တပ်မက်ခြင်း၊
င။ ရုပ်တုကို ကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်း (ကော ၃း၅)။
ယခုမူကား …
၁။ သခင်ခရစ်တော်ကို ယုံကြည်လက်ခံပြီးသော အချိန်ကာလကို ရည်ညွှန်းသည်။
၂။ ယုံကြည်သူတို့၏ လက်ရှိအချိန်အခါကို ရည်ညွှန်းသည်။
၃။ ခရစ်တော်၌ အသစ်တစ်ဖန် ပြုပြင်ပြောင်းလဲခြင်းကို ခံရပြီး သောသူတို့၏ လက်ရှိဘဝကို ဆိုလိုသည်။

 

ပယ်ရှင်းကြလော့
၁။ ယုံကြည်သူတို့ ပယ်ရှင်းရမည့် အရာများမှာ-
က။ ထိုအမှု အလုံးစုံ (ကော ၃း၅) နှင့်၊
ခ။ “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသော စကားကို သုံးခြင်း စသည်တို့ဖြစ်သည်။
၂။ ဤအရာများသည်သာပယ်ရှင်းအပ်သည်မဟုတ်။ ပေါလုသည် အကုန်အစင် မဖော်ပြဘဲ၊ ကောလောသဲ ယုံကြည်သူများနှင့် စီလျော် သောအချက်များသာ ဖော်ပြခြင်းဖြစ်သည်။
၃။ သတိဝီရိယနှင့် လုံး၀ ပယ်ရှင်းရမည် ဖြစ်သည်။

အမျက်ထွက်ခြင်း (ယှဉ်ဖတ်- အာမုတ် ၁း၁၁)
၁။ အခဲမကျေသော ဒေါသ။
၂။ အငြိုးထားသော စိတ်ထား။

စိတ်ဆိုးခြင်း
၁။ ဒေါသ ပေါက်ကွဲခြင်း။
၂။ စိတ်ဆိုး၍ မာန်တက်နေခြင်း။

မနာလိုခြင်း
၁။ ညံ့ဖျင်းသော စိတ်နေစိတ်ထား။
၂။ နာကြည်းနေသော စိတ်။
၃။ သူတစ်ပါး ကောင်းစားမည်ကို မလိုလားခြင်း။

သူ့အသရေပျက်အောင်ပြောဆိုခြင်း (ယှဉ်ဖတ်- ယာကုပ် ၃း၉-၁၀)
၁။ သူတစ်ပါး၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ပြီး ပြောဆိုဆက်ဆံခြင်း။
၂။ စော်ကားပြစ်တင် ပြောဆိုခြင်း (ယှဉ်ကြည့်- ယုဒ ၉)။

ညစ်ညူးသော စကား
၁။ မလျော်ကန်သော စကား။
၂။ ညစ်ထေးသော စကား။
၃။ ရိုင်းစိုင်းသော စကား။

ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင် ပြုပြင်သည်နှင့်အညီ (ဟောရှေ ၂း၁၇)၊ ကျင်လည်ကြစို့။

To Contact : [email protected]