Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂)

ထိုသခင်၌ ကျင်လည်ကြလော့ (၂)

ယုံကြည်သက်ဝင်မှုလက္ခဏာများ
သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည်ကြားသဖြင့်၎င်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်ကကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသောမြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် တည်းဟူသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏(ကော ၁း၃-၅)။

ခရစ်ယာန်အသက်တာသည် သမ္မာတရားဖြစ်သော ဧဝံဂေလိတရား၌ တည်ဆောက်ရသည်။ ယေရှုခရစ်ကို ယုံကြည် ခြင်း၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းနှင့် ကောင်းကင်ဘုံ၌ သိုထားသောအရာကို မျှော်လင့်ခြင်းတို့သည် ခရစ်ယာန်တို့၏ ယုံကြည်သက်ဝင်မှုလက္ခဏာများ ဖြစ်ကြသည်။ ဤလက္ခဏာများ သည်လည်း တစ်ဦးတစ်ယောက်၏ အရည်အချင်း၊ အစွမ်းအစ ကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။

သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊
၁။ ယေရှုကို ခရစ်တော်အဖြစ် ယုံကြည်လက်ခံကြသည်။
၂။ ထိုသို့ ယုံကြည်သောသူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြသည်။
၃။ ကောလောသဲယုံကြည်သူတို့သည်လည်း ယေရှုကို မိမိတို့၏ အသက်သခင်နှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံကြ သည်။

သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြ
၁။ ယေရှုခရစ်တော်ကို အမှန်အကန် ယုံကြည်ကိုးစားခြင်းသည် သူတစ်ပါးအား ချစ်တတ်စေသည်။
၂။ ဘုရားသခင်ကိုချစ်မြတ်နိုးသောသူတိုင်း မိမိတို့နှင့်စပ်ဆိုင်သော သူအား ကိုယ်နှင့်အမျှ ချစ်တတ်လာသည် (မဿဲ ၂၂း ၃၇ – ၃၉)။
၃။ ကောလောသဲယုံကြည်သူတို့သည် သခင်ယေရှုကို ယုံကြည်သည် နှင့်အညီ အခြားသောခရစ်ယာန်များကိုလည်း ချစ်တတ် လာကြသည်။
က။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ကွဲကွာ၍ မရ(၁ ကော ၁၃)။
ခ။ ချစ်ခြင်းမေတ္တာသည် ဝိညာဉ်ပကတိ၏အသီးအပွင့် ဖြစ်သည် (ဂလာတိ ၅း၂၂)။

ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာ
၁။ သမ္မာတရားဖြစ်သော ဧဝံဂေလိတရားကို ကြားပြီး ယေရှုခရစ်ကို ယုံကြည်လာကြသည်။
၂။ ထိုတရားတော်အရ၊ ယုံကြည်သူတို့အတွက် ကောင်းကင်ဘုံ၌သိုထားသောအရာများစွာ ရှိသည်။
က။ အမွေတော် (ဧဖက် ၁း၁၈)။
ခ။ ခေါ်တော်မူခြင်းကြောင့် မျှော်လင့်ရသောအရာ (ဧဖက် ၁း၁၈)။
ဂ။ ကောင်းကင်ဘုံနှင့်ဆိုင်သောဓမ္မမင်္ဂလာ (ဧဖက် ၁း၃)။
၃။ သခင်ယေရှုကိုယ်တိုင် ကောင်းကင်ဘုံ၌ ယုံကြည်သူများအဖို့ နေစရာအခန်းများစွာ ရှိကြောင်းမှာထားခဲ့သည် (ယောဟန် ၁၄း၂)။
ဤသို့ ယုံကြည်ခြင်း၊ချစ်ခြင်းနှင့် မျှော်လင့်ချက်တို့၌ ခရစ်ယာန်တစ်ဦး ကြီးထွားနေခြင်းသည် ဘုရားသခင်၏ ကျေးဇူး တော်ကြောင့်သာ ဖြစ်သည်။ တမန်တော် ပေါလုကဲ့သို့ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းကြရမည် ဖြစ်သည်။

ခရစ်တော်ဗေဒနှင့်ဆိုင်သော ဆင်ခြင်သုံးသပ်ချက်
၁။ ယေရှုသည် ယုံကြည်သူတို့၏ သခင်နှင့်ကယ်တင်ရှင် ဖြစ်သည် (ငါတို့၏သခင်)။
၂။ သခင်ယေရှုသည် အမှန်ပင်ခရစ်တော်ဖြစ်ကြောင်း ဧဝံဂေလိ တရားအားဖြင့် သိနိုင်သည်။
၃။ သခင်ယေရှုသည် ဘုရားသခင်၏သားတော် ဖြစ်သည်။ ဘုရားသခင်သည်လည်း သခင်ယေရှု၏ ခမည်းတော် ဖြစ် သည်။
က။ သခင်ယေရှုသည် ခမည်းတော်ကဲ့သို့ ဘုရားစစ်၊ဘုရားမှန်ဖြစ်သည်။
ခ။ သခင်ယေရှုသည် ခမည်းတော်နှင့်အတူ ဘုရားတကာတို့၏ဘုရားဖြစ်သည်။
၄။ ခမည်းတော်ဘုရားသခင်သည် သခင်ယေရှုနှင့်ကျွနု်ပ်တို့ (ယုံကြည်သူတို့)၏ အဘ ဖြစ်သည်(ကော ၁း၂)။

To Contact : [email protected]