Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၇)

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၀၊ ဒီဇင်ဘာလ (၂၇)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အာတေမသော်၎င်း၊ တုခိတ်သော်၎င်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှါ ကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟု အကြံရှိ၏။ ကျမ်းဆရာဇေနနှင့် အာပေါလု၌ အဘယ်အရာမျှမလိုစေခြင်းငှါ ကြိုးစား၍ လမ်း၌ပို့လော့။ ငါတို့၏လူများသည်လည်း အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း၊ ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။ ငါ့ထံမှာရှိသောသူအပေါင်းတို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွ ငါတို့ကို ချစ်သောသူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။

(တိ ၃း၁၂-၁၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပေါလု၏မိတ်ဆွေသူငယ်ချင်းများ

က။ အာတေမ
ခ။ တုခိတ
ဂ။ ဇေန
ဃ။ အာပေါလု
သူတို့သည် သခင်ဘုရား၏အမှုတော်မြတ်၌ ပေါလု၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်။

၂။ တိတုအား မေတ္တာရပ်ခံသောအချက်

က။ နိကောပလိမြို့၌ လာတွေ့ရန်၊
ခ။ ပေါလုသည် ဆောင်းကာလပတ်လုံး နိုကောပလိမြို့၌ နေမည်။
(ဆောင်းကာလ၌ ခရီးသွားလာခြင်း ပြုမည် မဟုတ်)။

၃။ လိုအပ်သော ထောက်ပံ့မှု

က။ ထောက်ပံ့မှုလိုအပ်သောသူများကို လိုလေသေးမရှိစေခြင်းငှါ ကြည့်ရှုရမည်။
ခ။ တိတုသည် သူတစ်ပါးအား ကူညီထောက်ပံ့နိုင်သောသူ ဖြစ်သည်။
ဂ။ သင်းအုပ်ဆရာတစ်ပါးဖြစ်သောကြောင့်၊ တိတုသည် လိုအပ်သော ထောက်ပံ့မှုများကို ရရှိနိုင်ပြီး၊ သူတစ်ပါးအားလည်း ကူညီမစနိုင်သည်။

၄။ ကရေတေကျွန်း၌တည်ရှိသော အသင်းတော်

က။ တိတု တာဝန်ကျသော နေရာဖြစ်သည်။
ခ။ အသင်းတော်၏ ပန်းတိုင်တစ်ချို့မှာ-

(၁) ကောင်းသောအကျင့်ကို အမြဲကျင့်ခြင်း၊
(၂) အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းနိုင်ခြင်း၊
(၃) အသီးသီးသောသူများ ဖြစ်ကြခြင်း၊ စသည်တို့ဖြစ်သည်။

၅။ နှစ်သက်ဖွယ်ကောင်းသာ နှုတ်ဆက်ခြင်း

က။ ပေါလုနှင့်အတူရှိသောသူတို့မှ တိတုကို နှုတ်ဆက်ခြင်း၊
ခ။ ပေါလုကို ချစ်သောသူများနှင့် သူ၏လုပ်ဖော်ဆောင်ဖက်များကို နှုတ်ဆက်ခြင်း၊
ဂ။ အသက်တာနှင့် အမှုတော်မြတ်အတွက် ဆုတောင်းခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ တိတု လေ့လာမှု အဆုံးရောက်ပြီ။

က။ သင်ခန်းစာများစွာ ခံယူပြီးဖြစ်သည်။
ခ။ ထိုသင်ခန်းစာများကို အောက်မေ့သတိရကြစို့။
ဂ။ ထိုသင်ခန်းစာများကို အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့အကောင်အထည် ဖော်ကြစို့။

၂။ ခွန်အားကြီးသော အသင်းတော်လုပ်ငန်း၏ အပိုင်းအစများ

က။ ပေါလု၏အမှုတော်လုပ်ငန်းည် အမှန်အောင်မြင်သည်။
ခ။ အကျွန်ုပ်တို့သည်လည်း ပေါလုကဲ့သို့ အောင်မြင်ကြမည်အကြောင်း ဆုတောင်းကြရမည်။
ဂ။ နှိမ့်ချသော ဆုတောင်းခြင်းဖြင့် ၂၀၂၀ခုနှစ်ကို အဆုံးသတ်ကြပါစို့။
ဃ။ ပို၍အသီးအပွင့်ကြွယ်ဝသော အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်လျက် ၂၀၂၁ခုနှစ်သို့ ယုံကြည်ချက်နှင့် ခြေလှမ်းကြပါစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်