Bethany Independent Presbyterian Church

Myanmar

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၊ ဒီဇင်ဘာလ (၂၀)

ပတ်စဉ် သင်းအုပ်ပေးစာ ၂၀၂၊ ဒီဇင်ဘာလ (၂၀)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်း
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။ မိုက်မဲသောပုစ္ဆာအမေးတို့ကို၎င်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကို၎င်းရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။ သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။ ထိုသို့သောသူသည် ကိုယ်အပြစ်ကို သိလျှက်ပင် အပြစ်ပြု၍ မှောက်လှန်သောစိတ်ရှိသောသူ ဖြစ်သတည်း။
(တိ ၃း၈-၁၁)

 

လေ့လေတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဤစကားသည် သစ္စာစကားဖြစ်သည်။
ဤအမှန်တရားသည် အစဉ်အမြဲ အတည်ပြုရမည်။

က။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် မှန်သောတရားကို

(၁) ယုံကြည်ဝန်ခံခြင်းဖြင့်လည်းကောင်း၊
(၂) အသက်တာဖြင့်လည်းကောင်း၊ အတည်ပြုရမည်။

ခ။ ယုံကြည်ခြင်း၏ သက်သေများ

(၁) ကောင်းသောအကျင့်(အလုပ်)ကို လုပ်ရမည်။
(၂) ကောင်းသောအလုပ်များကို အစဉ်အမြဲ ဆောင်ရွက်ရမည်။

ဂ။ ကောင်းသောအလုပ်များ၏ တန်ဖိုး

(၁) ပင်ကိုယ်ပကတိအရ ကောင်းမွန်သောအလုပ်များ ဖြစ်ကြသည်။
(၂) အများအတွက် အကျိုးရှိသော လုပ်ငန်းများ ဖြစ်ကြသည်။

၂။ ရှောင်ရမည့် လူအမျိုးအစားနှင့် အချို့သောအရာများ

က။ အချို့သောအရာများ

(၁) မိုက်မဲသောပုစ္ဆာအမေးများ၊
(၂) ဆွေစဉ်မျိုးဆက် စာရင်းများ၊
(၃) ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊
(၄) တိုက်လှန်ခြင်း၊

ဤအရာများသည် အဘယ်သူကိုမျှ အကျိုးကျေးဇူးပြုသည် မရှိ။

ခ။ ရှောင်ရမည့် လူမျိုးအစား

(၁) သင်းခွဲတတ်သောသူ၊
(၂) ရှင်းလင်းချက် ပေးရန် ခွင့်ပြုရမည်။
(၃) သို့သော်၊ ထိုသူသည်

– မိမိအပြစ်ကို ဖုန်းတတ်၍၊
– အပြစ်ကျူးလွန်၏။
– မိမိကိုယ်ကို အပြစ်ရှိကြောင်း ထင်ရှားစေသောသူ ဖြစ်သည်။

(၄) ထိုသို့သောသူကို လုံး၀ နှင်ထုတ်ရမည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သခင်ဘုရားအတွက် အကျွန်ုပ်တို့၏ အမှုတော်မြတ်

က။ ဉာဏ်ပညာသည် မရှိမဖြစ် လိုအပ်သည်။
ခ။ ခွဲခြားသိမြင်နိုင်သောဉာဏ်လည်း အလွန်တရာမှ လိုအပ်သည်။

(၁) အကျင့် (ဝါ) အလုပ်နှင့်စပ်လျဉ်း၍၊
(၂) နေ့စဉ်ဆက်ဆံနေရသော လူတွေနှင့်စပ်လျဉ်း၍

၂။ ဘုရားသခင်၏နှုတ်ကပတ်တော်က သွန်သင်သောအမှုကို အကျွန်ုပ်တို့ တုံ့ပြန်ခြင်း

က။ နာခံခြင်း၊
ခ။ သစ္စာခံခြင်း၊

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်