Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၈) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၁၈) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

(ဧဖက် ၂း၇-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်၏ ကျေးဇူးတော်မှာ

က။ အလွန်ကြွယ်ဝသော ကျေးဇူးတော်၊
ခ။ သခင်ခရစ်တော်အားဖြင့် အကျွန်ုပ်တို့၌ ပြတော်မူသော ကျေးဇူး (ကြင်နာခြင်း) ဖြစ်သည်။

၂။ ဘုရားသခင်၏ကျေးဇူးတော်သည်

က။ ကယ်တင်ခြင်း၌ ထင်ရှားသည်။
ခ။ အကျွန်ုပ်တို့၏အသက်တာ ၌ နှင့် အားဖြင့် ထင်ရှားသည်။

၃။ ဘုရားသခင်၏ကျေးဇူးတော်ကို

က။ ရရှိခံစားသော ကယ်တင်ခြင်းအားဖြင့် ရရှိကြသည်။
ခ။ လူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ကယ်တင်ခြင်းသို့ရောက်ရှိကြသည်။
ဂ။ ယုံကြည်ခြင်းအားဖြင့်သာ အောက်ပါတို့ကို နားလည်နိုင်သည်။

(၁) ဘုရားသခင်
(၂) သခင်ယေရှုခရစ်တော်၊
(၃) ကျေးဇူးတော်၊
(၄) ကယ်တင်ခြင်းဆုကျေးဇူး၊

၄။ ဘုရားသခင်၏ကျေးဇူးတော်သည် မှားယွင်းသောခံယူချက်များကို ပယ်ရှားသည်။

က။ အကျင့်ကုသိုလ်အားဖြင့် ကယ်တင်ခြင်း ရသည်။
ခ။ ကောင်းသောအကျင့်အားဖြင့် ကယ်တင်ခြင်း ရရှိကြသည်။
ဂ။ ကယ်တင်ခြင်းသည် ဘုရားသခင်ပေးသော လက်ဆောင်သာ ဖြစ်သည်။

၅။ ဘုရားသခင်၏ကျေးဇူးတော်သည် တိုက်ရိုက် အကျွန်ုပ်တို့နှင့် သက်ဆိုင်သည်။

က။ အကျွန်ုပ်တို့သည် ဘုရားသခင်၏လက်ရာ (ဖန်ဆင်းတော်မူရာ) ဖြစ်ကြသည်။
ခ။ အကျွန်ုပ်တို့ ရရှိသော ကယ်တင်ခြင်းသည် ကောင်းသောအလုပ်များအားဖြင့် သက်သေထူရမည်။

(၁) ကောင်းသောအကျင့်တို့သည် အကျွန်ုပ်တို့ကို မကယ်နိုင်။
(၂) ကယ်တင်ခြင်း အမှန်ရသောသူတို့သည် ကောင်းသောအကျင့်ကို ကျင့်ကြလိမ့်မည်။

 

အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း အသက်တာနှင့်

၁။ ကျေးဇူးတော်နှင့်စပ်ဆိုင်သော ခံယူချက်

က။ အလွန်တရာမှ တန်ဖိုးထားမြတ်နိူးရမည်။
ခ။ သတိဝိရိယနှင့် လက်တွေ့ဖော်ဆောင်ရမည်။

(၁) အကျွန်ုပ်တို့၏အသက်တာ၌၊
(၂) အကျွန်ုပ်တို့၏အမှုတော်မြတ်၌၊

၂။ ဘုရားသခင်၏လက်ရာမွန်

က။ အကျွန်ုပ်တို့၏အသက်တာ၌ သိသာမြင်သာ ရှိရမည်။
ခ။ အကျွန်ုပ်တို့၏အသက်တာသည် အကျွနု်ပ်တို့အထဲ၌ ဘုရားသခင်ပြုသောအမှုကို ပေါ်လွင်ထင်ရှားစေရမည်။

၃။ ကောင်းသော အကျင့်(အလုပ်)

က။ ကောင်းသောအကျင့်တို့သည် အကျွန်ုပ်တို့၏အသက်တာ၏သဘာဝအစိတ်အပိုင်းများ ဖြစ်ကြစေ။
ခ။ ကောင်းသောအရာတို့၌ ကျင်လည်ကြမည်အကြောင်း ဘုရားသခင်ခန့်ထားတော်မူသည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်