Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၄)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဧပြီလ (၄)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။ ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။
(ဧဖက် ၂း၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အပြစ်ရှိသော အတိတ်ဘဝကို မှတ်မိခြင်း

က။ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိခဲ့ကြသည်။
ခ။ လောကီတရားအတိုင်း ကျင်လည်ခဲ့ကြသည်။
ဂ။ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း (စာတန်)၏တရားအတိုင်း ကျင်လည်ခဲ့ကြသည်။
ဃ။ ထိုစာတန်သည် ငြင်းဆန်သော သူတို့၌ ပြုပြင်လျက် (အလုပ်လုပ်လျက်) ရှိသည်။

၂။ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြခြင်း

က။ “ငါတို့”၊
ခ။ ကိုယ်ကာယ၏အလို၊
ဂ။ စိတ်၏ အလို၊
ဃ။ ပကတိအတိုင်း (ငါတို့သည်) အမျက်တော်ကို ခံရသောသူဖြစ်ကြ၏

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အပြစ်ရှိသော အတိတ်ဘဝကို မှတ်မိခြင်း

က။ အတိတ်ဘဝကို မမေ့ရ။ သတိရ နေရမည်။
ခ။ အတိတ်ကို မမေ့ခဲ့လျှင် ၊ အတိတ်အမှားများမှ သင်ခန်းစားများစွာ သင်ယူနိုင်မည်ဖြစ်သည်။

၂။ အောက်ပါတို့ ဖြစ်လာနိုင်သည်။

က။ အပြစ်ပြဿနာ

(၁) အပြစ်ထဲသို့ အလွယ်တကူ ကျရှုံးသွားမည် မဟုတ်။
(၂) အပြစ်သွေးဆောင်ရာသို့ အလွယ်တကူ အလျော့ပေးပြီး လိုက်မည်လည်းမဟုတ်။

ခ။ စာတန်ပြဿနာ

(၁) ပိုပြီး သတိထားလာမည်။
(၂) ပို၍ခိုင်မာစွာ ခုခံလာနိုင်မည်။
(၃) ပို၍ လိမ္မာပါးနပ်ပြီး၊ ခွဲခြားဝေဖန်တတ်လာမည်။

ဂ။ ကိုယ်ရေးပြဿနာ (ဒုစရိုက်ပြဿနာ)

(၁) နောင်တရလာမည်။
(၂) ဘဝဟောင်းသို့ ပြန်လှည့်မည် မဟုတ်။
(၃) မိမိ၏အားနည်းချက်ကိုလည်း သိမြင်လာမည်။

၃။ အသင်းဝင်တို့ကို ဒုက္ခပေးသော ပြဿနာများကို သိမြင်လာခြင်း

က။ များစွာသောသူတို့သည် အပြစ်ပြဿနာရှိကြသည်။
ခ။ များစွာသောသူတို့သည် အပြစ်နှင့်စာတန်၏သွေးဆောင်ခြင်းကို မခုခံနိုင်။
ဂ။ ထိုသို့သောသူတို့သည် အသင်းတော် အားနည်းစေသည်။

၄။ အသင်းဝင်တို့အား ပြုစုစောင့်ရှောက်ခြင်း

က။ ခွန်အားနည်းသောသူများ၊ ခွန်အားကြီးသောသူများ ဟူ၍ ခွဲခြားသိမှတ်ပါ။
ခ။ အပြစ်နှင့်စာတန်ကို နိုင်သည်အထိ တိုက်လှန်ကြဖို့ ကူညီပါ။
ဂ။ သူတို့၏လက်များကို အားကြီးစေပါ (သူတို့နှင့် လက်တွဲ၍ ခွန်အားပေးပါ) ။

၅။ ဧဖက် ၁-၂ မှ သင်ယူသော သင်ခန်းစာများကို လက်တွေ့ ကျင့်သုံးကြစို့။
ဖတ်ရှုခြင်း၊ နားလည်ခြင်းသည် မလုံလောက်သေး။ အသက်တာ၌ နှိမ့်ချစွာ လုံးလဝိရိယအပြည့်နှင့် သင်ခန်းစားများကို လက်တွေ့ဖော်ဆောင်ရမည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်