Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၈)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၈)

 

ရွှေပညတ်တော်ကို စောင့်ရှောက်ခြင်း (၁)

ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟုကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ ရောက်ကြ၏။ သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။

(ယာကုပ် ၂း၈-၉)

 

ရွှေပညတ်တော်ကို စောင့်ရှောက်ခြင်း

၁။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” သည်ရွှေပညတ်တော် ဖြစ်သည်။

က။ သခင်ခရစ်တော်ကိုယ်တိုင်၏ သွန်သင်ချက်ဖြစ်သည်။ (မဿဲ ၁၂း၃၁)
ခ။ တမန်တော်ပေါလုကိုယ်တိုင်လည်း ဆက်လက်ဆုပ်ကိုင်ထားသော ပညတ်ဖြစ်သည်။ (ဂလာတိ ၅း၁၄)
ဂ။ ဤပညတ်သည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာဖြစ်သည်။ (မဿဲ ရး၁၂)
ဃ။ ဤပညတ်ကို ခရစ်တော်၏ပညတ်ဟုလည်း သိမှတ်ကြသည်။(ဂလာတိ ၆း၂)

၂။ ထိုရွှေပညတ်တော်ကို မည်သို့ စောင့်ရှောက်ရမည်နည်း။

က။ စောင့်ရှောက် (ဂရိ-teleo) သည် –

– အကောင်အထည် ဖော်သည်၊
– အဆုံးထိ ဆောင်ရွက်သည်၊
– ပြီးမြှောက်စုံလင်စေသည် စသည်တို့ဖြစ်သည်။

ခ။ ထို့ကြောင့် ယုံကြည်သူတို့သည် ဤရွှေပညတ်တော်ကို မိမိတို့အသက် တာနှင့် အမှုတော်မြတ်၌ လက်တွေ့ပြည့်စုံစေရမည် ဖြစ်သည်။

၃။ ရွှေပညတ်တော်ကို ထိုသို့ စောင့်ရှောက်ခြင်းသည် ကောင်းသောအကျင့်ကို ကျင့်ရာရောက်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဤပညတ်ကိုလက်တွေ့ဖော်ဆောင်ခြင်းထက်သာ၍ ကောင်းသောအကျင့် မရှိပါ။

 

လူမျက်နှာကိုထောက်သော အကျင့်

၁။ ရွှေပညတ်တော်နှင့် လုံးဝဆန့်ကျင်ဘက်သည် မုန်းတီးခြင်း မဟုတ်၊လူ့မျက်နှာထောက်ခြင်း ပင်ဖြစ်သည်။
၂။ လူမျက်နှာထောက်ခြင်းသည် ဒုစရိုက်ဖြစ်သည်။

က။ သူတစ်ပါးကို မထီမဲ့မြင်ပြုခြင်း။
ခ။ မတူမတန် ဆက်ဆံခြင်း။
ဂ။ ဘုရားသခင်၏နာမတော်ကို ပြစ်မှားခြင်းလည်း ဖြစ်သည်။ (ယာကုပ်၂း၇)

၃။ လူမျက်နှာထောက်ခြင်းဖြင့် မည်သို့ တရားကိုလွန်ကျူးနိုင်သနည်း။

က။ မမှန်သောသက်သေကို ခံခြင်းဖြင့်လည်းကောင်း၊ (ထွက် ၂၀း၂-၁၇)
ခ။ မိမိအပေါ်၌ မပြုစေလိုသောအရာများကို သူတစ်ပါးအပေါ်၌ ပြုခြင်းဖြင့်လည်းကောင်း (မဿဲ ရး၁၂) တရားကို ချိုးဖောက်ကြသည်။

၄။ ထို့ကြောင့် လူမျက်နှာထောက်သောသူသည် တရားကို လွန်ကျူးသောသူဖြစ်ကြောင်း ပညတ်အားဖြင့် ထင်ရှားသည်။