Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၃)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၃)

 

ခရစ်တော်၌ ခံရသော အရေဖျားလှီးခြင်းနှင့်ဗတ္တိဇံ
ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိ အပြစ်၏ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌သင်တို့သည် ခံကြသည် ဖြစ်၍၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက် စေတော် မူသော ဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏ (ကော ၂း၁၁-၁၂)။

 

ခရစ်တော်၏အရေဖျားလှီးခြင်း …
၁။ ယုဒလူမျိုးတို့၏ ကျင့်ထုံးနှင့်အညီ၊ သခင်ယေရှုသည် မွေးပြီး ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်း ခံရသည် (လုကာ ၂း၂၁)။
၂။ အရေဖျားလှီးခြင်းခံရသော သူငယ်၏အင်္ဂါထိပ်ဖျားကို လှီးဖြတ်ကာ ပယ်ရှင်းရသည်။
၃။ သခင်ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် ခရစ်တော်၏အရေဖျားလှီးခြင်း ဝိညာဉ်အကျိုးကို ခံစားကြသည်။
က။ ခရစ်တော်၏အရေဖျားလှီးခြင်း၌ ယုံကြည်သူတို့လည်း ပါဝင်ကြသည်။
ခ။ မိမိတို့၏ ဇာတိပကတိအပြစ်ကို လှီးဖြတ်ပြီး ပယ်ထုတ်ကြသည်။
၄။ တစ်နည်းအားဖြင့် ယုံကြည်သူတို့သည် “လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း”ကို ခံကြရသည်။

 

ဗတ္တိဇံအားဖြင့် …
၁။ သခင်ခရစ်တော် ခံယူသော ဗတ္တိဇံသည် “အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်”ရာ၌ လိုအပ်သောအချက် ဖြစ်သည် (မဿဲ ၃း၁၅)။
၂။ ဤဗတ္တိဇံသည်လည်း ဝိညာဉ်ရေးပုံဆောင်ချက် တစ်ခုဖြစ်သည်။
က။ ခရစ်တော် အသေခံခြင်း၊
ခ။ ခရစ်တော် သင်္ဂြိုဟ်ခြင်း၊
ဂ။ ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်ခြင်း စသည် တို့ကို ဖော်ညွှန်းသည်။
၃။ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည်လည်း ခရစ်တော်၏ဗတ်္တိဇံကို ခံရကြသည်။
၄။ ယုံကြည်သူအပေါင်းတို့သည် ခရစ်တော်၏ဗတ္တိဇံက ဖော်ညွှန်း သော –
က။ အသေခံခြင်း၊
ခ။ သင်္ဂြိုဟ်ခြင်းနှင့်
ဂ။ ရှင်ပြန်ထမြောက်ခြင်းတို့၌သခင်ခရစ်တော်နှင့် အတူပါဝင် ကြသည်။

 

ယုံကြည်သောအားဖြင့်
၁။ ခရစ်တော်၏အရေဖျားလှီးခြင်းနှင့် ဗတ္တိဇံခံခြင်းတို့၏ ဝိညာဉ်ရေးအကျိုးကျေးဇူးများကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။
၂။ ယုံကြည်သူအပေါင်းတို့သည် မိမိတို့ကိုယ်တိုင်က လက်တွေ့ အရေဖျားလှီးခြင်းကို မခံကြရသော်လည်း သခင်ယေရှုခံရသော အရေဖျားလှီးခြင်းနှင့်ဗတ္တိဇံတို့၏ အကျိုးကို တိုက်ရိုက် ခံစား ကြရသည်။
၃။ ယုံကြည်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ခရစ်တော်၌
က။ လူလက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ခံကြရသည်။
ခ။ ရေအားဖြင့် မဟုတ်သော ဗတ္တိဇံကိုလည်း ခံကြရသည်။
၄။ အကြောင်းမှာ- “ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်” ဖြစ်သည်။

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ အရေဖျားလှီးခြင်းနှင့်ဗတ္တိဇံတို့၌ ပါဝင်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာရေး၌ လက်တွေ့ အရေဖျား လှီးခြင်း မလိုအပ်သကဲ့သို့ ရေဗတ္တိဇံသည်လည်း လုံး၀ မလို အပ်ပါ။ လိုအပ်သောအချက်မှာ – ဘုရားသခင်၏ ကျေးဇူတော်ကို ယုံကြည် ခြင်းအားဖြင့် တုံ့ပြန်ခြင်း ဖြစ်သည်။ ယုံကြည်သောအားဖြင့်သာ စစ်မှန်သော အရေဖျားလှီးခြင်း (ဇာတိပကတိအပြစ်၏ကိုယ်ကို ပယ်ရှင်းခြင်း)နှင့် ဝိညာဉ်ဗတ္တိဇံ (၁ကော ၁၂း၁၃) တို့ကို ခရစ်တော် ၌ ခံရကြသည်။

To Contact : [email protected]