Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၂)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၂)

 

အသစ်ပြုပြင်သော လူသစ်
အချင်းချင်း မုသာစကားကို မပြော မသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ ကိုယ်ကိုချွတ်ပယ်၍၊- ဖန်ဆင်းတော်မူသော သူ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သော ပညာအားဖြင့် အသစ် ပြုပြင်သော လူသစ်ကို ယူတင်ဝတ် ဆောင်သောသူ ဖြစ်ကြ၏။ (ကော ၃း၉-၁၀)

 

အချင်းချင်း မုသာ စကား …
၁။ မုသာ၏ အဘ သည် စာတန်ဖြစ်သည် (ယောဟန် ၈း၄၄)။
၂။ စာတန်နှင့်စပ်ဆိုင်သောသူတိုင်းသည် မုသာ စကား ပြောကြသည်။
၃။ ယုံကြည်သူ အချင်းချင်းတို့၌ မုသာ စကား မပြော မသုံးရပါ။
၄။ သခင်ယေရှုကလည်း စကားကို အပို၊အလို မရှိပြောဆိုရန် သွန်သင်ခဲ့သည် (မဿဲ ၅း၃၇)။
၅။ အကြောင်းရင်းမှာ ခရစ်တော်၌ ဘုရားသခင်ပြုပြင် တော်မူသောသူများ ဖြစ်ကြသောကြောင့် ဖြစ်သည် (ယှဉ်ကြည့်- ၂ ကော ၅း၁၇)။
က။ “အကြောင်းမူကား” ဟူသော စကားစု၏ ရည်ညွှန်းချက်ဖြစ်သည်။
ခ။ လူဟောင်းနှင့် လူသစ်တို့၏ ခြားနားသော သဘောသဘာဝကို ဖော်ပြသည်။

 

သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ ကိုယ်ကို ချွတ်ပယ်၍
၁။ “လူဟောင်း”ဟူသောစကားလုံံးသည် ခရစ်တော်ကိုလက်မခံမီက မိမိတို့၏ ဇာတိပကတိကို ရည်ညွှန်းသည်။
၂။ ကောလောသဲယုံကြည်သူတို့သည်လည်း ဇာတိပကတိ၌ ကျင်လည် ခဲ့ကြသည်။
၃။ သို့သော်၊ခရစ်တော်ကိုယုံကြည်လက်ခံပြီးနောက် ကောလောသဲ ယုံကြည်သူတို့သည် –
က။ မိမိတို့ ဇာတိပကတိ၏ အကျင့်များကို စွန့်လွှတ်ခြင်း၊
ခ။ မိမိတို့၏ ဇာတိအဖြစ်များကို ချွတ်ပယ်ခြင်း စသည်တို့ လုပ်ဆောင်ကြရသည်။
၄။ အကျင့်ပျက်၊ အကျင့်ဆိုးများနှင့် ညံ့ဖျင်းသော စိတ်ထားများကို ကိုယ်ပေါ်က အဝတ်အစား ချွတ်သကဲ့သို့ ချွတ်ပစ်ကြရသည်။

 

ဖန်ဆင်းတော်မူသော သူ၏ပုံသဏ္ဌာန်နှင့် အညီ
၁။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်။
၂။ ဘုရားသခင်သည် လူသားများကို မိမိ၏ပုံသဏ္ဌာန်တော်နှင့် အညီဖန်ဆင်းခဲ့သည် (ကမ္ဘာ ၁-၂)။
၃။ အပြစ်မကျူးလွန်မီ လူသားတို့သည် ဘုရားသခင်၏ပုံသဏ္ဌာန် နှင့်အညီ နေထိုင်ခဲ့သည်။
၄။ ခရစ်တော်အားဖြင့် ထိုဘုရားသခင်၏ပုံသဏ္ဌာန်တော်ကို ကျွန်ုပ်တို့ ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိကြသည်။
၅။ လူသစ် (အသစ်သော သခင်ကြောင့် ဖြစ်လာသော စိတ်သစ်၊ ကိုယ်သစ်) ကို (အဝတ်အစားပမာ) ယူတင်ဝတ်ဆင် ကြရသည်။
၆။ လူသစ်မည်သည်ကား ဘုရားသခင်၏ကြန်အင်လက်္ခဏာများကို ဖော်ထုတ်နေမည် ဖြစ်သည်။

 

မှန်သောပညာ …
၁။ ပညာ နှစ်မျိုးရှိသည်။ ၎င်းတို့မှာ မှားသော ပညာနှင့် မှန်သောပညာ တို့ဖြစ်ကြသည်။
၂။ မှန်သော ပညာသည် ခရစ်တော်နှင့် စပ်ဆိုင်သည်။
က။ ခပ်သိမ်းသော ပြည့်စုံခြင်းသည် ခရစ်တော်၌ ကျိန်းဝပ်သည် (ကော ၁း၁၉)။
ခ။ ခရစ်တော်သည် မျက်မြင် မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော် ဖြစ်သည်(ကော ၁း၁၅)။
ဂ။ ခရစ်တော်သည် ဘုရားသခင်၏နက်နဲသောအရာ ဖြစ်သည် (ကော ၁း၂၇)။
၃။ မှန်သော ပညာအားဖြင့် အသစ်ပြုပြင်ခြင်း ဆိုသည်မှာ-
က။ ထိုပညာနှင့်အညီ ကြီးထွားခြင်း၊
ခ။ ထိုပညာ၌ ရင့်ကျက်လာခြင်း၊
၄။ မှန်သော ပညာသည် ခရစ်တော်နည်းတူ ရှင်သန်ခြင်းအမှု၌ ထင်ရှားနေမည်။

 

ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏
၁။ လူဟောင်း၏အကျင့်နှင့်ဇာတိပကတိကို စွန့်ပစ်ရမည်။
၂။ မိမိတို့၏ စိတ်ကို အသစ်ပြုပြင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပြောင်းလဲရမည်။ (ယှဉ်ဖတ် -ရောမ ၁၂း၁-၂)။ စိတ်ကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့်သာ လူသစ်ဖြစ်လာနိုင်သည်။
၃။ ထိုမှသာ ခရစ်တော်၌ တည်သော လူသစ်ပီပီ အသက်ရှင်နိုင်မည်ဖြစ်သည်။

To Contact : [email protected]