Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၉)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၉)

 

ခရစ်တော်နှင့်အတူ
အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက် ထားလျက်ရှိ၏။ ငါတို့အသက်တည်းဟူသော ခရစ်တော် သည် ထင်ရှားတော်မူသောအခါ၊ ငါတို့ သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။
(ကော ၃း၃-၄)

ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေသောသူ ဖြစ် ကြသည်။ ထိုသခင်နှင့်အတူ ထမြောက်သောသူများလည်း ဖြစ် ကြသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ခရစ်တော်၌ သေလျက် အသက်ရှင်နေကြသူများ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် မြေကြီးအရာကို စိတ်စွဲလမ်းခြင်းမရှိဘဲ၊ အထက် အရာများကိုသာ စွဲလမ်းသောစိတ်နှင့် ရှာကြရမည်ဖြစ်သည် (ကော ၃း၁-၂)။ အဘယ်ကြောင့်နည်း။

 

အကြောင်းမူကား၊
၁။ ထိုသို့ အထက်အရာများကိုသာ စွဲလမ်းသောစိတ်နှင့် ရှာရန် ဖြစ်သည့် အကြောင်းရင်း ရှိသည်။
၂။ ထိုအကြောင်းရင်းကို ဤကျမ်းပိုဒ်၌ ရှင်းပြထားသည်။

သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထား လျက်ရှိ၏
၁။ ယုံကြည်သူတို့သည် ခရစ်တော်နှင့်အတူ သေသောသူများဖြစ်ကြသည် (ကော ၂း၂၀)။
၂။ အဘယ်မည်သော သေခြင်းမျိုးနည်း။
က။ မိမိတို့၏ဇာတိပကတိသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သေခြင်း(ဂလာတိ ၅း၂၄)။
ခ။ မိမိတို့သည် အပြစ်အဖိုးအခကြောင့် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သေခဲ့ခြင်း (ဂလာတိ ၆း၁၄)။
ခ။ မိမိတို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားခြင်း။
၃။ “ဘုရာသခင်၌ ဝှက်ထား” ခြင်း ဆိုသည်မှာ-
က။ ယုံကြည်သူများသည် ဘုရားသခင်၏ (ဇာတိ) ပကတိကို မျှဝေခံစားရခြင်း (၂ ပေ ၁း၄)။
ခ။ ယုံကြည်သူများသည် ခရစ်တော်၏စိတ်ကို ခံရခြင်း (၁ကော ၂း၁၆)။

 

ငါတို့အသက်တည်းဟူသော ခရစ်တော်သည်
၁။ သခင်ယေရှုသည် ယုံကြည်သူတို့၏အသက် ဖြစ်သည်။
က။ ယုံကြည်သူတို့၌ သခင်ခရစ်တော်၏အသက် ရှိသည်။
ခ။ ခရစ်တော်သည် ထာဝရတည်သောကြောင့် ယုံကြည်သူ တိုင်း၌ ရှိသော အသက်သည်လည်း ထာဝရအသက် ဖြစ်သည်။
၂။ ရှင်ယောဟန်ကလည်း သခင်ခရစ်တော်သည် ထာဝရအသက် ဖြစ်သည် ဟုဆို၏ ( ၁ယော ၁း၁-၂)။
၃။ ထို့ကြောင့် သားတော်ကို ရသောသူသည် အသက်ကိုလည်း ရသည် (၁ယော ၅း၁၁-၁၂)။

 

ခရစ်တော်သည် ထင်ရှားတော်မူသောအခါ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့
၁။ ခရစ်တော် ပြန်လည်ကြွလာခြင်းကို ရည်ညွှန်းသည်။
၂။ ထိုသို့ သခင်ခရစ်တော် ဒုတိယကြိမ် ကြွလာသောအခါ –
က။ ယုံကြည်သူတို့သည် ထိုသခင်နှင့်အတူ ဘုန်းကြီးကြမည်။
ခ။ ယုံကြည်သူတို့သည် ထိုသခင်နှင့်အတူ ထင်ရှားကြမည်။
၃။ ယုံကြည်သူများသည် ခရစ်တော်ကြွလာသောအခါ “အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်” များအဖြစ် ထင်ရှားကြမည် (၁ ပေ ၁း၇)။
၄။ တစ်နည်းအားဖြင့်ဆိုသော်၊
က။ ခရစ်တော်နှင့်အတူ လောက၌ ခြိုးခြံစွာ နေရသော်လည်း (ဖိလိ ၄း၁၁-၁၂)၊
ခ။ ခရစ်တော်နှင့်အတူ လောက၌ ဆင်းရဲဒုက္ခများ ခံနေရ သော်လည်း (ဖိလိ ၄း၁၁-၁၂)၊
ဂ။ တစ်နေ့နေ့တစ်ချိန်ချိန်၌ ခရစ်တော်နှင့်အတူ ဘုန်းကြီး လျက် ထင်ရှားကြမည် ဖြစ်သည်။
၅။ “ဘုန်းကြီး” ဆိုသည်မှာ ရူပအလှတရား၊ အရူပအလှတရား၊ ဘုရားသခင်နှင့်စပ်ဆိုင်သောဘုန်းကျက်သရေ ကိုဆိုလိုသည်။

ခရစ်တော်နှင့်အတူ ဘုရားသခင်၏အလှအပတို့နှင့် ပြည့်စုံကာ ထင်ရှားမည့်နေ့ရက်ကို စောင့်နေလျက် အသက်ရှင်ကြ ပါစို့။

To Contact : [email protected]