Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၆)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၆)

 

အလိုတော်နှင့်ညီသော ကြီးထွားခြင်း
ဦးခေါင်းကို အမှီမပြု၊ ဇာတိပကတိ၏စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သော အရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်း ကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော်သောသူ တစုံ တယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ကြီးပွားတတ်၏ (ကော ၂:၁၈-၁၉)

လူတို့သည် ခန္ဓာ၌ ပုံစုံမျိုးစုံဖြင့် ကြီးထွားနိုင်သကဲ့သို့ ဝိညာဉ်ရေး၌လည်း မလျော်မကန် ကြီးထွားနိုင်သည်။ ထိုသို့ ကြီးထွားခြင်းသည် မှားယွင်းသောအယူအဆများ၊ သမ္မာကျမ်းစာ ၏သွန်သင်ချက်များနှင့် ဆန့်ကျင်နေသော “ဓမ္မအတွေးအခေါ်များ” ကြောင့်ဖြစ်သည်။ မှန်ကန်သော ဓမ္မခံယူချက်များကသာ ဘုရားသခင်၏အလိုတော်နှင့်အညီ ကြီးထွားနိုင်ရန် မိမိတို့ကို ပြဋ္ဌာန်းသွားမည် ဖြစ်သည်။

 

သင်တို့ဆုကို မလုမယူစေနှင့်

၁။ ကျွန်ုပ်တို့ဆုသည် အဘယ်နည်း။
က။ ဘုရားသခင်နှင့်ခရစ်တော်ကို နားလည်နိုင်သော ဉာဏ်၏ စည်းစိမ် (ကော ၂:၂)။
ခ။ ခရစ်တော်၌တည်သော ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ခြင်း (ကော ၂:၅)။
ဂ။ ခရစ်တော်၌ တည်သော အောင်ပွဲ (ကော ၂:၁၅)။
ဃ။ ခရစ်တော်အားဖြင့် ရရှိသော လွတ်လပ်ခြင်း (ကော ၂:၁၆၊ ဂလာတိ ၅:၁)။

၂။ ကျွန်ုပ်တို့၏ဆုကို လုယူလိုသောသူများ (ဝါ) လုယူနိုင်သော သူများမှာ မိစ္ဆာဆရာသမားများ ဖြစ်ကြသည်။

၃။ ၎င်းတို့သည်
က။ အသင်းတော်၏ ဦးခေါင်းဖြစ်သော သခင်ခရစ်တော်ကို အမှီမပြုကြချေ။ “အမှီမပြု” ဟုဆိုရာ၌
(၁) စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခြင်း မရှိ၊
(၂) တည့်မတ်စွာ စိတ်စွဲလမ်းခြင်း မရှိ၊ စသည်တို့ကို ဆိုလိုသည်။
ခ။ ဇာတိပကတိ၏စိတ်အလိုကိုလိုက်၍ အသက်ရှင်ကြသည်။
(၁) အချည်းနှီးထောင်လွှားခြင်း၊
(၂) မိမိမသိသောအရာများကို စမ်းသပ်ခြင်း၊
(၃) မိမိမမြင်(နားမလည်)သောအရာများကို စူးစမ်း၍ ကျူးလွန်ခြင်း၊
(၄) မိမိကိုယ်ကို ဒုက္ခပေးနှိပ်စက်ခြင်းဖြင့် နှိမ့်ချခြင်းကို ဖော်ထုတ်ခြင်း၊
(၅) ကောင်းကင်တမန်များကို ကိုးကွယ်ခြင်း (မဿဲ ၄:၁၀)၊ စသည်တို့၌ မွေ့လျော်ကြသည်။

 

ဘုရားသခင်၏အလိုတော်နှင့်အညီ ကြီးပွား …

၁။ ခရစ်ယာန်တို့သည်-
က။ ယုံကြည်ခြင်း၌ ကြီးပွားကြွယ်ဝရမည် ဖြစ်သည် (ယာကုပ် ၂:၅)။
ခ။ ကျေးဇူးတော်၌ ကြီးပွားရမည် ဖြစ်သည် (၁ပေ ၃:၁၈)။
ဂ။ ယေရှုခရစ်ကို သိကျွမ်းခြင်းပညာ၌ ကြီပွားရမည် ဖြစ်သည် (၁ပေ ၃:၁၈)။
ဃ။ အသက်တာ၌လည်း ကြွယ်ဝလာရမည် ဖြစ်သည် (ယောဟန် ၁၀:၁၀)။

၂။ ခရစ်ယာန်တို့သည် ခရစ်တော်နှင့် ဆက်နွယ်နေကြသည်။
က။ စပျစ်နွယ်ပင်နှင့်အခက်များကဲ့သို့ (ယောဟန် ၁၅)။
ခ။ ဦးခေါင်းနှင့်ကိုယ်ခန္ဓာအစိတ်အပိုင်းများကဲ့သို့ (ကော ၂:၁၉)။
(၁) အဆစ်အပိုင်းများဖြင့် ဆက်နွယ်နေကြသည်။
(၂) အထုံးအဖွဲ့များဖြင့် တည်ဆောက်ကြသည်။
(၃) ဦးခေါင်းမှ ကျန်ခန္ဓာအစိတ်အပိုင်းတို့ကို အားဖြည့် ပေးသည်။
(၄) ဦးခေါင်းမှ ဦးဆောင်လျက် တစ်ကိုယ်လုံး လှုပ်ရှားကြီးထွားသည်။
ဂ။ ခရစ်တော်၏ဦးဆောင်မှုအားဖြင့်သာ ခရစ်ယာန်တို့ ကြီးထွားနိုင်မည်။
ဃ။ သခင်ယေရှုကို အမှီပြု ကိုးစားခြင်းအားဖြင့်သာ ခရစ်ယာန်တို့ ကြီးပွားရမည်။
င။ ယင်းကိုဘုရားသခင်၏အလိုတော်နှင့်အညီ ကြီးပွားခြင်းဟုခေါ်သည်။ သခင်ခရစ်တော်၏ ဦးဆောင်မှုကို ခံယူလျက် ရင့်ကျက်ကြီးထွားပြီး၊ ခရစ်တော်၏ ခွန်အားပေးမစခြင်းကို အမှီပြုကာ သခင်ယေရှုအပေါ် အစဉ်သစ္စာခံလျက် အသက်တာနှင့် ယုံကြည်ခြင်း (ဝိညာဉ်ရေး)၌ ကြီးပွားကြပါစို့။

To Contact : [email protected]