Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁)

ထိုသခင်၌ ကျင်လည်ကြလော့ (၁)

ခရစ်တော်၌ ညီအစ်ကိုတော်စပ်ခြင်း

ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့်ငါ့ညီတိမောသေသည်၊ ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော (ကော ၁း၁-၂)။
ခရစ်တော်နှင့် စပ်ဆိုင်ခြင်းသည် ယုံကြည်သူအချင်းချင်း အမျိုးအနွယ်တော်စပ်ခြင်း၏ အကြောင်းတရားဖြစ် သည်။ ဘုရားသခင်သည် ခရစ်တော်၌ ထိုသို့ အချင်းချင်းညီအစ်ကို တော်စပ်နေရခြင်းကို အလိုရှိတော်မူသည်။

တမန်တော်ဖြစ်သော ငါပေါလု …

၁။ တမန်တော်၏ အနက်အဓိပ္ပာယ်မှာ ” စေလွှတ်ခြင်းခံရသောသူ “ ဖြစ်သည်။
၂။ ပေါလုသည် ခရစ်တော်၏တမန်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က ပေါလုကို စေလွှတ်ခဲ့သည်(တမန် ၉း၄-၆)။
၃။ ယေရှုခရစ်၏တမန်တော်ဖြစ်ရခြင်းမှာ ပေါလု၏ရွေးချယ်မှုကြောင့်မဟုတ်၊ ဘုရားသခင်၏အလိုတော်ကြောင့်သာ ဖြစ်သည်။
၄။ ထိုသို့ ခရစ်တော်၏တမန်တော်ဖြစ်သောကြောင့် ပေါလုသည် တိမောသေနှင့် ညီအစ်ကိုတော်စပ်လာရသည်။

ကောလောသဲမြို့၌ရှိသော …

၁။ ကောလောသဲမြို့၌ရှိသော ခရစ်ယာန်များသည် ခရစ်တော်၌သန့်ရှင်းသူများ ဖြစ်ကြသည်။
၂။ သခင်ယေရှု၌တည်သော ယုံကြည်ခြင်းကြောင့် ပေါလုနှင့်တိမောသေတို့သည် ညီအစ်ကိုများဖြစ်ကြရသည်။
၃။ ကောလောသဲရှိ ယုံကြည်များသည်လည်း အချင်းချင်း ညီအစ်ကိုမောင်နှမတော်စပ်လာကြသည်။

သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော …

၁။ ယေရှုသည် ကျွနု်ပ်တို့၏ သခင်နှင့်ကယ်တင်ရှင်မေရှိယ (ခရစ်တော်) ဖြစ်သည်။
၂။ ခမည်းတော်ဘုရားသခင်သည် ကျွနု်ပ်တို့၏အဘ ဖြစ်သည် (ရော ၈း၁၅)။
၃။ ခမည်းတော်ဘုရားသခင်ကို သခင်ယေရှုခရစ်တော်နှင့်အတူ
က။ ယုံကြည်လက်ခံရမည်။
ခ။ ကိုးကွယ်ရမည်။
ဂ။ ချီးမွမ်းရမည်။
၄။ ခမည်းတော်ကို ခရစ်တော်အားဖြင့် သိနိုင်သည် (ယောဟန် ၁း၁၈)။
၅။ ထိုနည်းတူ ခရစ်တော်ကိုလည်း ခမည်းတော်၏ ဖွင့်ပြခြင်းအားဖြင့်သာသိနိုင်သည် (ဂလာတိ ၁း၁၆)။

ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း …ရှိပါစေသော

၁။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သခင်ခရစ်တော်နှင့် အဘခမည်းတော်ဘုရားသခင်တို့ကသာ ပေးပိုင်သောအရာဖြစ်သည်။
၂။ ကောလောသဲယုံကြည်သူများအပေါ်၌ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ရှိပါစေကြောင်း ပေါလုဆုတောင်းသည်။
၃။ ယုံကြည်သူညီအစ်ကိုများ သဘောတူလျက်ပေါင်းဖော်ခြင်းအမှုကို ဘုရားသခင်နှစ်သက်တော်မူသည်။ထိုသို့သောအ ရပ်၌ ထာဝရဘုရားသခင်သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်စီရင်မည်ဖြစ်သည် (ဆာလံ ၁၃၃)။
၄။ ဤအမှန်တရားကိုအခြေခံလျက် ဆုတောင်းခြင်းသည် အလွန်မှပင် လျော်ကန်ပေသည်။

ခရစ်တော်ဗေဒနှင့်ဆိုင်သော ဆင်ခြင်သုံးသပ်ချက်

၁။ ဘုရားသခင်၏အလိုတော်မရှိဘဲ အဘယ်သူမျှ သခင်ယေရှု၏အစေခံကျွန်ဖြစ်မလာနိုင်။ ခမည်းတော်ဘုရားသခင်၏ အခွင့်မပါဘဲ အဘယ်သူမျှ ယေရှုခရစ်တော်ထံသို့မလာနိုင် (ယောဟန် ၆း၆၅)။
၂။ ယေရှုသည် သခင်နှင့်ခရစ်တော် (ကယ်တင်ရှင်) ဖြစ်သည် (ယှဉ်ဖတ်-တမန် ၂း၃၆)။
၃။ ယေရှုခရစ်တော်သည် အဘဘုရားသခင်နှင့်အတူ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို ပေးပိုင်သူဖြစ်သည်။
၄။ သခင်ယေရှု၌ ခမည်းတော်ဘုရားသည် ကျွနု်ပ်တို့အားလုံး၏အဘဖြစ်သည် (ရောမ ၈း၁၅)။

ဤ “ထိုသခင်၌ ကျင်လည်ကြလော့” အပတ်စဉ်စာစောင်သည် ကောလောသဲသြဝါဒစာကို အခြေခံ၍
Rev. Dr. Tomas Zatel ရေးသားသော စာစောင်ဖြစ်ပါသည်

To Contact : [email protected]